"ဧည့်သည်မရှား၊တပြားမဝင်၊တိုးရစ်ဇင် "
ဒီနှစ် ခရီးသွားရာသီ မှာ တရုတ် ခရီးသွားတွေ မြန်မာပြည် ကို အုံ နဲ့ ကျင်း နဲ့ ဝင်လာမဲ့ အခြေအနေ ရှိတယ် ခင်ဗျ။ အဓိက မန္တလေး တံတားဦးလေဆိပ် ဂိတ်ပေါက်ကနေ ဝင်မယ်၊ ပုဂံ- နေပြည်တော် ကို ကားနဲ့ သွားကြမယ်၊ ပြီးရင် ပြန်ကြမယ်၊ အများစု က အဲ့လို အစီအစဉ်နဲ့လာကြလိမ့်မယ်။ ရန်ကုန်ဘက်ကတော့ ရန်ကုန်၊ ငွေဆောင် လိုမျိုးသွားကြမယ်။
၂၀၁၉-၂၀ ခရီးသွားရာသီမှာ မိုးရာသီ အပါအဝင် တနှစ်ပါတ်လုံး တရုတ်ခရီးသွားတွေ ဆက်တိုက် ဝင်လာရင် မန္တလေး တဝိုက် တရုတ်ခရီးသည် ၅ သိန်းကျော်ကောင်း ကျော်လိမ့်မယ် ရယ်လို့မှန်းမိတယ်။
ဒီလူတွေ ဘာလာလုပ်ကြတာလဲ ဆိုတာဖြေရရင်
အနောက်နိုင်ငံတွေ နဲ့ ခရီးသွား ဆက်ဆံရေး ပျက်နေတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မှလာသော ဧည့်သည်များ ကိုမျှော်ရတဲ့ Look East policy, မြန်မာရဲ့ ခရီးသွားကဏ္ဍ ကို ကူညီဖို့ တရုတ်အစိုးရ က ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေကို သွားကြ သွားကြ လို့ တွန်းပေးလို့ ဒီလောက် ခပ်သွက်သွက် ရောက်လာကြတာဗျ။ ကိုယ့်နိုင်ငံက OBOR လမ်း ပေါ်ရောက်နေတော့ ပေါက်ဖေါ်ကြီးက ချစ်ပြတာပေါ့ဗျာ။
မှတ်မိသေးတယ်....လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်တော်တို့ တရုတ်နိုင်ငံကို သွားပြီး မြန်မာနိုငိငံကို အလည်လာကြဖို့ ဖိတ်တုန်းက တုတ်တူတ်မှ မလှုပ်တဲ့ ပေါက်ဖေါ်တွေ အခု သူ့အစိုးရ က ကြိမ်စကြာနဲ့ ရိုက်ပို့တော့မှ လာကြတာ တော့ အတော် ထူးတယ်၊ ကွန်မြူနစ်နိုင်ငံဆိုတော့လည်း အစိုးရ ရဲ့ အာဏာ ပြင်းတာလဲ ပါတာပေါ့။သူ့နိုင်ငံက လေကြောင်းလိုင်းတွေကိုပါ အစိုးရ က အရှုံးခံ ဆွဲခိုင်းတာ။
ဒီလို အစုလိုက်အပြုံလိုက် ခရီးသွားတဲ့ တရုတ်နိုင်ငံက ခရီးသည် အများစု ကို ကမ္ဘာက ချစ်စနိုး နဲ့ " ဒေါ်လာတပြားမှ မသုံးတဲ့ ခရီးသည်များ" (ဝါ) Zero Dollar Tourist များ လို့ နံမည်ပေးထားတယ်။ ဒီလို ခေါ်ရတာလည်း အကြောင်းရှိတာပေါ့လေ။
တရုတ်ခရီးသွားကုမ္ပဏီတွေဟာ သူ့ကုမ္ပဏီတွေလူဝင်လာဖို့ ဆွဲဆောင်တဲ့ နည်းက တခြားနိုင်ငံက ခရီးသွားကုမ္ပဏီ တွေ နဲ့ နည်းဗျူဟာ မတူဘူးရယ်။
ကမ္ဘာ့ခရီးသွားကုမ္ပဏီတွေက ဧည့်သည် ကို ဘယ်လို အရည်အသွေးမျိုးရှိတဲ့ ဟိုတယ်မျိုးမှာ ထားပေးမယ်၊ ဘယ်လိုကောင်းတဲ့ စားသောက်ဆိုင်မျိုးမှာကျွေးမယ်၊ ဘယ် လေကြောင်းလိုင်း နဲ့ ခရီးသွားရမယ်၊ ဘယ်လိုလှပတဲ့ ဒေသတွေသွားမယ်၊ ဘယ်လို အရည်အသွေးရှိတဲ့ ဧည့်လမ်းညွှန်တွေက ရှင်းပြပေးမယ် ဆိုတာမှန်မှန်ကန်ကန် ကြော်ငြာ၊ အမြတ်ကောင်းကောင်း ယူပြီး ရောင်းကြတယ်။ ကျန်တဲ့ အရောင်းအဝယ်တွေ စိတ်မဝင်စားဘူး။
တရုတ်နိုင်ငံက တချို့ ခရီးသွား ကုမ္ပဏီ တွေ ကတော့ ဘယ်နိုင်ငံကို သွားမယ်၊ ဘယ်လောက်ဈေးချိုတယ်၊ ဘာတွေဝယ်လို့ရမယ် ဆိုတာမျိုး နဲ့ ဆွဲဆောင်တယ်။ အိမ်မှာနေတာထက် ကုန်ကျစားရိတ် သက်သာသယောင်ယောင် မြူဆွယ်ပြီး စဦး ခရီးစဉ်ဈေး ကို လေယာဉ် လက်မှတ်ခသာသာ ဈေးချိုချို ပြပြီး ရောင်းကြတယ်။
ခရီးသွားစားရိတ် ဈေးချိုတော့ တောနယ်ဘက်က တရုတ် လူမျိုးတွေဟာ ဆွေမျိုးမိတ်ဆွေတွေနဲ့ တရွာလုံး အုပ်စုလိုက် လေယာဉ်ပေါ် တက်လာကြရော...ရွာက လာကြတယ် ဆိုတော့လည်း ရွာစရိုက်ပေါ့၊ ဆူညံပွက်လောရိုက်အောင်စကားတွေပြောကြသလို တွေ့ရာအမှိုက်ပစ်ဖို့လည်း ဝန်မလေးတတ်သူတွေပါလာတတ်တယ်။ သွားတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း တီးမိခေါက်မိ နားလည်တဲ့လူ တွေလည်း နည်းသလို ခရီးသွားကုမ္ပဏီ ကလည်း ဒီဧည့်သည်တွေ ကို ယဉ်ကျေးမှု ရှင်းပြတာထက် သူတို့မှန်းထားတဲ့အမြတ်ရဖို့ ရိုက်စားလုပ်မဲ့စိတ် တခုထဲ စိတ်ဝင်စားတော့လည်း ယဉ်ကျေးမှုခြင်း ပွတ်တိုက်တဲ့ ပြဿနာ မျိုးစုံ ကြုံရတော့တာပဲ။
အဲ... အဲ့ဒီလူတွေ လေယာဉ်ပေါ်ကဆင်း၊ ခရီးစဉ်စမှ သူတို့ကုမ္ပဏီ နဲ့ တယောက်တဝက် အမြတ်ခွဲယူပါမယ်လို့ စာချုပ် အပြတ် ချုပ်ထားတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ဟိုတယ်တွေ ခေါ်ပြီး မစားမနေရ၊ မဝယ်မနေရ၊ မအိပ်မနေရ၊မသွားမနေရ နည်းတွေနဲ့ ဈေးကြီးကြီးရိုက်ပြီး ရသမျှ နွှာယူတော့တယ် ။ စရောင်းကတည်းရင်း အရင်းအရှုံးခံရောင်းကြတယ်၊ ပြီးမှ လှည့်ပတ်ပြီး မြတ်အောင်ယူတယ်၊ သူတို့ဈေးရောင်းနည်း က ရိုးသားမှု အတော်နည်းတယ်ဗျ။
ဒီနေရာမှာ ဧည့်သည်အပေါ် မဟုတ်က ဟုတ်က နည်းတွေ နဲ့ နွှာတာကလည်း ဆိုးတယ်။ စားသောက်ဆိုင်တွေမှာ အဲ့ဒီနိုင်ငံ ဒေသက ထွက်ပါတယ် ဆိုတဲ့ ကြံ့ချို၊ ကျားရိုး၊ကျားစွယ်၊ ဆင်သားရေ၊ဆင်သား ဆေးမြစ်စုံ၊မြွေပွေး၊မြွေဟောက် ယောကျာင်္းအားတိုးဆေးလိုလို ဟိုဟာဒီဟာကောင်းတာလိုလို ဟုတ်တာတွေရော၊မဟုတ်တာတွေပါ ဈေးကြီးကြီး လီဆယ်ရောင်းပြီး အမြတ်ကြမ်းကြမ်းယူကြသလို လက်မှုနဲ့ ရတနာပစ္စည်းအစုတ်အပြတ် ပေါ့ချောင်ကောင်းတွေကိုလည်း နှစ်ဆ၊သုံးဆ တင်ရိုက်ကြတယ်။
ဧည့်သည်ကို ခရီးသွားကုမ္ပဏီက ဝန်ထမ်းနဲ့ ဧည့်လမ်းညွှန်က ထောက်လှမ်းရေး နည်း နဲ့မပြတ်အကဲခတ်ပြီး ပို တုံးတဲ့လူ ပိုကုန်အောင် ဆိုင် နဲ့ ပေါင်းပြီး နွှာကြတယ်။ မဝယ်တဲ့ ခရီးသည် ကို အဲ့ဒီနိုင်ငံမှာတင် ကားပေါ်က ကန်ချပြီးပစ်ထားခံရမဲ့ နည်းပါး ခြိမ်းခြောက်တယ်လို့လည်း ကြားရပါတယ်။
ဒီကုမ္ပဏီတွေဟာ ဘယ်လောက်ခွက်ကျကြသလဲဆို ပုဂံ ရှေးဟောင်းဇုံဝင်ကြေး လက်မှတ်တစောင် မြန်မာငွေ၂၅၀၀၀ ပေးရတယ်။ ဒီလက်မှတ်တွေကို ပုဂံက ထွက်သွားတဲ့ အဖွဲ့က မြင်းခြံအကျော် မြို့သာ စက်မှုဇုံ နားမှာ ပုဂံအလာ အဖွဲ့ ကို လက်ဆင့်ကမ်းတဲ့ ခရီးသွားကုမ္ပဏီတွေ ရှိတယ်လို့လည်းကြားဖူးတယ်။ နောက်အဖွဲ့က အယင်လူရဲ့ လက်မှတ်တွေ ကိုင်ပြီး ပုဂံကို အလကားဝင်လာတာပေါ့။ အင်တာနက်မှာ ဇုံဝင် ရက်ကျန် လက်မှတ်ကို တဝက်ဈေး နဲ့ ရောင်းနေတဲ့ ခရီးသွားတွေလည်း ရှိတယ်။
ဈေးပေါတယ် ထင်ပြီး လိုက်လာတဲ့ တရုတ်နိုင်ငံ နယ်စွန်နယ်ဖျားက ဘုရားဖူးတွေ သူတို့ခရီးစဉ် အဆုံးမှာ ဒေါ်လာထောင်ချီ ကုန်ကျတဲ့ခရီးစဉ် ဖြစ်ကုန်ရောဗျို့။
ခရီးသွားကုမ္ပဏီတွေဟာ သူ့ဧည့်သည့် သူ ရိတ်သလို ခရီးစဉ်တလျောက် လာလည်တဲ့နိုင်ငံ ကို လည်း အခွန်အကောက်တွေ မပေးရအောင် နည်းမျိုးစုံ နဲ့ လှည့်ဖြားကြတယ်။ ဝယ်တဲ့ပစ္စည်းဖိုး ငွေချေတဲ့အခါ ခရီးသည်ရဲ့ Alipay, wechat pay တွေနဲ့ တရုတ်ခရီးသွား ကုမ္ပဏီ ကို အယင်ပေးရတယ်။ ဒီဘက်နိုင်ငံက ဆိုင်ပိုင်ရှင် ကို တော့ ခရီးသွားကုမ္ပဏီက တရုတ်ပြည်ထဲမှာ ဘဏ်စာရင်းတခု ဖွင့်ပေးကောင်းပေးပြီး အမြတ်နှုတ် ငွေချေမယ်။ ဒါမှမဟုတ် ဟွန်ဒီ နဲ့လွှဲပေးမယ်။ နည်းပေါင်းစုံ နဲ့ အခွန်တွေရှောင်ပြီး အစိုးရမသိတဲ့နည်းတွေနဲ့ ပေးချေကြလေ့ရှိတယ်လို့လည်း နံမည်ကြီးသဗျ။
မြန်မာနိုင်ငံ ဗဟိုဘဏ်က အဲ့ဒီ Alipay နည်း၊ WeChat pay နည်းတွေ ကိုယ့်နိုင်ငံထဲ သုံးတာ လက်မခံဘူး လို့ ခေါင်းမာမာငြင်းဆန်နေရင် တရုတ်ဧည့်သည် ငါးသိန်းလာပြီး ဒေါ်လာ ၃.၈ ဘီလီယံ ကိုယ့်နိုင်ငံထဲက ဖြတ်စီးသွားတာ အရည်မရ၊အဖတ်မရ ငုတ်တုတ်ထိုင်ကြည့်နေရမယ်။ မဟုတ်လည်း တရုတ်တွေက တခြားနည်းမသုံးကြဘူး၊ ဒီနည်းနဲ့ပဲချေကြတာ..... ဒါဆို ငွေကြေးခဝါချမှု အကြီးကြီး ကို မမြင်ချင်ယောင်ဆောင် ထိုင်ကြည့်နေတဲ့ လူ ဘယ်သူဖြစ်မလဲ စဉ်းစားပေါ့။ အခွန်တွေ ဘယ်ကထွက်၊ မင်းကြီးတာ က ထွက် ဆိုရင်တော့ မကောင်းလှဘူး။
ဒီလို အခွန်တွေရှောင်၊ ငွေတွေ နည်းမျိုးစုံနဲ့ ဖြတ်စီးတာ လက်ခံခဲ့ရင် နိုင်ငံ ဘယ်လောက်ဆုံးရှုံးမလဲ? တရုတ် ခရီးသွားကုမ္ပဏီတွေကြောင့် ထိုင်းနိုင်ငံ က တော့ အခွန်ငွေတနှစ် ဒေါ်လာ ၂ ဘီလီယံ နီးပါးဆုံးရှုံးတယ်လို့ ကြေညာပါတယ်။
တရုတ်ခရီးသည်တွေဟာ ခရီးစဉ်တခုမှာ တယောက်ကို ဒေါ်လာ ၇၆၂ ဒေါ်လာဖိုး ဈေးဝယ်တယ် လို့ စစ်တမ်းတခုမှာ ဖေါ်ပြတယ်။ သူ့ဘာသူ ဘယ်မှာ ဝယ်ဝယ်... ဒေါ်လာ ၇၆၂ ဒေါ်လာဖိုး ဝယ်တဲ့ ဧည့်သည် ဆီက နိုင်ငံတော် ဘယ်လောက်ရသင့်လဲ။
ကဲ ဒါဆို အကြမ်းတွက်ကြည့်မယ်... ရောင်းတဲ့ ဆိုင် က ကုန်ကျစားရိတ်နှုတ်ပြီး ၁၀% အသားတင် အမြတ်ယူရင် ၇၆.၂ ဒေါ်လာမြတ်မယ်၊ အစိုးရ က သူ့ကို အခွန်စည်းကြပ်မယ်၊ ဆိုင်က သိန်း ၃၀၀ အထက် မြတ်လို့ အမြတ်ခွန်၂၀% စည်းကြပ်ခံရရင် တရုတ်ခရီးသွားတယောက် ၇၆၃ ဒေါ်လာဖိုး ဈေးဝယ်တိုင်း နိုင်ငံ က ၁၅.၂၄ ဒေါ်လာ ရသင့်ပါတယ်။ duty free system မရှိသေးသရွေ့ commercial tax ၅% ဆိုတော့ ၃၈.၁ ဒေါ်လာ ဝင်ရမယ်၊ ဗီဇာကြေးက ဒေါ်လာ ၅၀၊ လာဆဲကာလ ဟိုတယ်၊စားသောက်ဆိုင် က တည်းခိုခ၊စားသောက်စားရိတ် အခွန်ငွေ ၁၀၀ ဒေါ်လာ နဲ့ ဆို တရုတ်ခရီးသွားတယောက်ချင်း က နိုင်ငံတော်ကို တယောက် လာတိုင်း ဒေါ်လာ၂၀၀ လောက် ပေးသွားရမယ်ဗျ။
ဒီဘက်မှာ ကျောက်စိမ်းလာဝယ်တဲ့ ဧည့်သည်တွေ ဆိုရင် ဒီထက်အများကြီးပိုရ ရမှာပေါ့။
နိင်ငံတော်က တရုတ်ခရီးသွားတယောက်လာတိုင်း ဒေါ်လာ၂၀၀ သာရမယ်ဆိုရင် တရုတ်ဧည့်သည်ငါးသိန်းလာရင် နိုင်ငံတော်က ဒေါ်လာ သန်း တရာ ဝန်းကျင်လောက် အခွန်ရသင့် ပါတယ်။ လက်ရှိဝင်နေတဲ့ တရုတ်ခရီးသွား ၂သိန်းကျော် ဆီက ဒေါ်လာသန်း ၄၀ ကျော် တိုင်းပြည် မှာ ဝင်၊မဝင် ဆန်းစစ် ကြည့်သင့်တယ်။
ဒီလိုအခွန်တွေမရပဲ အခွံတွေချန်သွားကြလို့ အစိုးရတွေက တပြားမှ မရတဲ့ ဧည့်သည်များ လို့ စိတ်နာနာနဲ့ နံမည်ပေးထားတာနေမှာဗျ။
ကျွန်တော်တို့လုပ်သင့်တာ ဒီသန်းတရာ ကို နိုင်ငံတော် မရအောင် အကြောင်းအမျိုးမျိုး နဲ့ ကာဆီးနေတဲ့ သူတွေကို အရေးယူပေါ့။ ကျွန်တော်တို့ နိုင်ငံက တရုတ်ဧည့်လမ်းညွှန်တွေထဲလည်း ဒါတွေကို မျိုးချစ်စိတ်ရှိရှိ ဖေါ်ထုတ်ပေးမဲ့ whistleblower ဧည့်လမ်းညွှန်တွေ လိုတယ်။
ပုဂံ၊မန္တလေးမှာ ဒီလို ခရီးစဉ်မျိုး ကို မလိုက်ဖူး အားမပေးဘူးကွ ဆိုတဲ့ ယာဉ်ပိုင်ရှင်တွေလည်း ရှိပါတယ်၊ အခု မန္တလေးမှာ တရုတ်တိုးတွေ ဘတ်စ်ကားကြီးတွေ ငှားမရ လို့ ရန်ကုန်ကတောင် ဆွဲတင်နေရတယ် ကြားတယ်။
နိုင်ငံဟာ အခွန်ငွေနဲ့ လည်ပတ်ရတယ်၊ ဒေါ်လာတသန်း နစ်နာတိုင်း ကိုယ့်နိုင်ငံ တိုးတက်မှုထဲက သိန်း တသောင်းငါးထောင်ဖိုး အနှုတ်ခံရတယ် လို့ ရိုးရိုးလေး တွေးကြဖို့လိုပါတယ်။ ခရီးသွားကုမ္ပဏီတွေ သူ့နိုင်ငံမှာ ဘယ်လိုရောင်းခဲ့ရောင်းခဲ့ မြန်မာနိုင်ငံလူမှုဖွင့်ဖြိုးရေး ကို တနည်းတဖုံ အထောက်အကူပြုဖို့လိုပါတယ်။ ကိုယ့်နိုင်ငံ က ခရီးသည်တွေဖိတ်ခေါ်တာ မြတ်ချင်လို့ ဖိတ်တာ.. ဝေသာလီ ပြည် ဘီလူး စီးနိုင်အောင် မြို့တံခါးဖွင့်ပေးတာမျိုး မဟုတ်ဘူး။
တကယ်တော့ အပြစ်မဲ့ တရုတ်ခရီးသည်တွေကို ကျွန်တော်တို့ မုန်းစရာမလိုပါဘူး၊ ဆက်ကြိုဆိုရမှာပဲ၊ ခရီးသည်တွေမှာ ဘာအပြစ်မှမရှိဘူး။ သူတို့ကို ရိုက်တဲ့လူတွေမှာပဲ အပြစ်ရှိတယ်။ ဒါကြောင့် သူတို့ကို နည်းမျိုးစုံနဲ့ ရိုက်စားလုပ်ဖို့ခေါ်လာတဲ့ ကုမ္ပဏီတွေကို ဒို့နိုင်ငံက Zero dollar tourism ခေါ်တဲ့ လူလည်ပတ်တီး နည်းတွေ လက်မခံကြောင်း တရုတ် ခရီးသွား ကုမ္ပဏီတွေကို သတိကြိုပေးထားသင့်တယ်။
တကယ်တော့ တရုတ်အစိုးရကလည်း ဒီလိုနည်းတွေမကြိုက်ဘူး။ အဲ့လိုနည်းနဲ့ လာတဲ့ကုမ္ပဏီတွေကို သူတို့အစိုးရ ကိုအရှက်ရစေလို့ ပြန်ပြောပေးပါ၊ အရေးယူမယ် လို့ ပြောပါတယ်။
တရုတ်ခရီးသည်တွေကို လက်ခံနေတဲ့ ဟိုတယ်တွေ၊ဆိုင်တွေကို မှန်မှန်ကန်ကန် ရောင်းဝယ်ပြီး အခွန်ဆောင်ကြဖို့ နိုင်ငံသိက္ခာကျမဲ့ နည်းတွေ နဲ့ မရောင်းဝယ်ကြဖို့ သတိပေးထားသင့်တယ်။ လူတွင်ပါလို့ နွားကျားကိုက်တာချည်းပဲ။
ကြပ်တည်းတဲ့ခေတ်မှာ တချို့လည်း နည်းမမှန်မှန်းသိပေမဲ့ ကိုယ့်အရှုံးသက်သာဖို့ အတွက် အားကြီးတဲ့ တရုတ်ကုမ္ပဏီကို ခေါင်းငြိမ့်ပြီး ဟိုတယ်အပ်၊စားသောက်ဆိုင်အပ် လိုက်တာမျိုး ရှိပါတယ်။ဒီလူတွေ မဟုတ်တာလုပ်နေရင်တော့ သတိပေးစေချင်တယ်။ မင်းတို့ငါ့ဟိုတယ် ငါ့စားသောက်ဆိုင် ကို ငှားချင်ငှား၊ ရိုးရိုးသားသား အခွန်ဆောင်ပါ၊ နှစ်ဖက်တိုင်းပြည် နဲ့ လူမျိုး အကျိုးမရှိ သိက္ခာကျတဲ့ အလုပ် မလုပ်ပါနဲ့ လို့ ငှားတဲ့လူ ကို ကြပ်မတ်သင့်ပါတယ်။
ထိုင်းနိုင်ငံဆို တရုတ်လူမျိုးတွေကို ရေရေလည်လည်ကြိုဆိုတယ်၊ ဒါပေမဲ့ တရုတ်ခရီးသွား ကုမ္ပဏီတွေကို ရေရေလည်ရည် သတိပေးတယ်၊ လိုက်ကြည့်တယ်၊ ကြပ်မတ်တယ်၊ ဒဏ်တပ်တယ်၊ကားသိမ်းတယ်၊ ဆိုင်ပိတ်ခိုင်းတယ်၊ ဟိုတယ်လိုင်စင် ရုတ်တယ်။
ခရီးသည်ကတော့ သုံးရှာတာပါပဲ...ဒါပေမဲ့ ကိုယ့်နိုင်ငံ အတွက် အခွန်ငွေလေး တပြားတချပ်တောင် မကျန်ခဲ့ရင် ကိုယ်ညံ့တာပေါ့။
တရုတ်နိုင်ငံမှာ ဒီလို ခပ်ပေါပေါ ခရီးသွားတွေချည်းပဲ ရှိမယ် လို့လည်း အထင်မလွဲကြနဲ့ဗျ၊ တရုတ်ပြည်မှာ နိုင်ငံခြားထွက်တဲ့ တရုတ်လူမျိုး ခရီးသွား သန်း ၁၃၀ လောက်ရှိတယ်။ ၇၀% က Zero dollar နည်းနဲ့ သွားကြတယ်၊ ဒါပေမဲ့ ၃၀% ကတော့ အနောက်နိုင်ငံက ခရီးသွားတွေလို အဆင့်ရှိတဲ့ကုမ္ပဏီတွေ နဲ့ သွားလာကြတယ်တဲ့။ အဆင့်အတန်းမြင့်တဲ့ တရုတ်ခရီးသွားတွေအများကြီးပဲ၊ သန်း ၄၀ လောက်ရှိမယ်။
အဆင့်မြင့်တဲ့ တရုတ်ခရီးသွား ကုမ္ပဏီတခု က ကမ္ဘာတပတ် ရက် ၈၀ နဲ့ ပတ်တဲ့ ခရီးစဉ် တခု ကို ဒေါ်လာ ၂ သိန်း နဲ့ online တင်ရောင်းတာ ၁၇ စက္ကန့် ပဲကြာတယ်။ လက်မှတ် ၂၂ စောင်ကုန်သွားရောတဲ့။ တရက် ကို မြန်မာငွေသိန်း ၃၀ လောက် ကျတဲ့ ခရီးစဉ်ပေါ့။ တရုတ်လူမျိုး ၁၀၀ မှာ ပညာတတ် လူ ၃၀ က ပထမပြောတဲ့ Zero dollar ကုမ္ပဏီတွေရဲ့ ခရီးစဉ်မျိုး နဲ့ မသွားကြဘူးတဲ့။ အနောက်နိုင်ငံသားတွေလို ကောင်းကောင်းသုံးပြီး သွားကြတယ် ။ တရုတ်နိုင်ငံ က ပညာတတ် လူတန်းစားတွေ မြန်မာပြည်လာနိုင်အောင်လည်း ဆွဲဆောင်သင့်ပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီ ဧည့်သည်မျိုးတွေ လာစေချင်ပါတယ်။
ပြည်ကြီးက ဆွေမျိုးပေါက်ဖေါ်တွေကို မြန်မာ့ထုံးစံအတိုင်း ပြုံးပြုံးချိုချို ကြိုဆိုပါ့မယ်။ Zero မဖြစ်ဖို့ ကိုယ့်နိုင်ငံထဲက Tourism Hero တွေက ကြပ်မတ်ပေးဖို့လိုမယ်။ ကိုယ့်လူမျိုးကိုယ် မညှာမတာ ရိုက်စားလုပ်ပြီး Zero နည်းနဲ့လာတဲ့ တရုတ်ခရီးသွား ကုမ္ပဏီတွေကို သာကြပ်မတ်ပေးပါ။
မြန်မာနိုင်ငံခရီးသွား ကဏ္ဍ က မဟာမိတ်အပြေး၊ ကွန်မြူနစ် အတက် အခြေအနေမှာ အကျိုးစီးပွားအတွက် ဂန္ဓာလရာဇ်တွေကို လာဖို့ ဖိတ်ပါတယ်... အိမ် မှာ လ္ဘက်သုတ် ထိုင်စား၊ ရေနွေးကြမ်း သောက်ပြီး အိမ်သာတက်ပြန်သွားရင်တော့.... "ဧည့်သည်မရှား၊ တပြားမဝင် တိုးရစ်ဇင်" နံမည်တွင်မှာ စိုးတယ်။ ဝိုင်းပူးပေါင်းကြစေလိုပါတယ်။
ကျော်စွာမင်း (ပုဂံ)

