Dhammabheri Ashin Viriya is on Facebook. To connect with Dhammabheri, join Facebook today.
Dhammabheri Ashin Viriya is on Facebook. To connect with Dhammabheri, join Facebook today.
Dhammabheri Ashin Viriya, profile picture

အာဇာနည်ပုဂ္ဂိုလ်များနဲ့ နွယ်ကြိုးတစ်ကိုက်စာ
________________________________
___________________________________

(၂ဝ၁၈ ခု ဇူလိုင်(၁၉)ရက်၊ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပြုလုပ်တဲ့ (၇၁)ကြိမ်မြောက် အာဇာနည်နေ့ အာဇာနည်ပုဂ္ဂိုလ်များကိုရည်စူးတဲ့
ကုသိုလ်ပွဲမှာ ဟောတဲ့တရား)

ကိုယ့်အတွက်ဆိုလို့ လောဘဒေါသစတဲ့ ကိလေသာလျော့ပါးပြီး အသိပညာမြင့်မားရေးကလွဲလို့ ဘာအကျိုးမှ မမျှော် ကိုးဘဲ လောကတိုးတက်ကြီးပွားရေးအတွက် အကြောင်းနဲ့အကျိုးကို အထူးခွဲခြားသိမြင် ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်များကိုပဲ - ''အာဘုသံ ကာရဏာကာရဏံ ဇာနာတီတိ အာဇာနိယော'' ''အာဘုံသံ = အလွန်အမင်း၊ ကာရဏာကာရဏ=အကြောင်းနဲ့ အကျိုးကို၊ ဇာနာတိ = သိတတ်တဲ့အတွက်၊ အာဇာနိယော = အာဇာနည်မည်တယ်''လို့ ဆိုရတာပါ။
လယ်တီဆရာတော်ဘုရားကြီးရဲ့ ''ဥတ္တမပုရိသဒီပနီ''ဆိုတဲ့ စာအုပ်က အာဇာနည်ကျင့်စဉ်ကို အပြည့်အစုံ ရေးပြတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်မှာ အာဇာနည်စိတ်ဓာတ်ကို မျိုးစေ့ချပေးတဲ့တရားနဲ့ အာဇာနည်တို့ကို မွေးဖွားပေးတဲ့ မိဘသဖွယ် တရားတို့ကိုလည်း ဆရာတော်ကြီးက ကောက်ချက်ချပြထားပါတယ်။

အာဇာနည်စိတ်ဓာတ်ကို မျိုးစေ့ချပေးတဲ့တရားကတော့ ဘုရားအလောင်းရဲ့ အစဦးဆုံးဖြစ်စဉ်ကို လေ့လာကြည့် ရင်လည်း သိသာပါတယ်။
ဘုရားအလောင်းအဖြစ် တရားဝင်သတ်မှတ်ခံရတဲ့ သုမေဓာရှင်ရသေ့ရဲ့ ဖြစ်စဉ်မှာ ပထမဆုံး သုမေဓာသူဌေးသားအဖြစ်နဲ့ သုံးမကုန်နိုင်လောက်အောင် များပြားလှတဲ့ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ပြီး ရသေ့ပြုခဲ့တာရယ်။
ဈန်ရရသေ့အဖြစ်နဲ့ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါသံဃာလေးသိန်းတို့ ကြွလာမယ့်လမ်းကို ပြုပြင်ရာမှာ နောက်ဆုံး ကျန်နေတဲ့ ကိုယ်တစ်လျားစာ ညွန်ဗွက်ကြီးကို ပြီးစီးဖို့ ကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲ အလျားစင်းပြီး တံတားခင်းပေးခဲ့တာ ရယ်ကို ကြည့်ပြီး ဒီပင်္ကရာဘုရားရှင်က ''အများအကျိုးအတွက် ကိုယ်နဲ့အသက်ကို မငဲ့မကွက် စွန့်လွှတ်နိုင်တဲ့ နိက္ခမ္မဓာတ်ခံ အားကြီးသူဟာ ပါရမီခရီးကြမ်းကို ဖြတ်သန်းဖြည့်ကျင့်ပြီး သဗ္ဗညုဘုရားဖြစ်နိုင်လောက်တဲ့ အာဇာနည်ဖြစ်နိုင်တဲ့ယောက်ျား ကောင်းဖြစ်တယ်လို့ သတ်မှတ်ဗျာဒိတ်ပေးတော်မူခဲ့တာပါ။

ဒီလို စွန့်လွှတ်နိုင်စွမ်းရှိတဲ့ စိတ်ဓာတ်ကို ဖြစ်စေတဲ့တရားဟာ
''ကာမတော စ = ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာဟူသမျှကိုရော။ ဘဝတော စ = အသက်ခန္ဓာဘဝကိုရော။ နိက္ခမ္မ လက္ခဏံ = ထွက်ခွါကျွတ်လွတ်ခြင်းအမှတ် လက္ခဏာရှိလို့။ နေက္ခမ္မံ = နိက္ခမမည်တယ်''လို့ ဆိုပါတယ်။ ဒီတရားဟာ အာဇာနည် စိတ်ဓာတ်ကို မျိုးစေ့ချပေးတဲ့တရားပါပဲ။

''အာဇာနည်''ဆိုတာ အကြောင်းနဲ့အကျိုးကို ထူးထူးခြားခြားသိတတ်လို့''ဆိုတဲ့ စကားက အတော်လေးတွေးဆ စဉ်းစားစရာကောင်းတဲ့စကားပါ။
သတ္တဝါအားလုံးလိုလိုဟာ အကျိုးကိုသာ သိတတ်၊ စိတ်ဝင်စားတတ်ကြပြီး အကျိုးကိုပဲ မျှော်လင့်တောင့်တလေ့ရှိ ကြပါတယ်။ အာဇာနည်ပုဂ္ဂိုလ်တို့ရဲ့ စိတ်ဓာတ်မှာတော့ ''အကျိုး''ထက်''အကြောင်း''တရားကိုသာ အထူးသိပြီး စိတ်လည်း ဝင်စားတယ်။ လုပ်ဆောင်ရာမှာလည်း ကိုယ့်အတွက်နဲ့ပတ်သက်ရင် ''အကျိုးကောင်းကောင်းရရေး''ထက် ''အကြောင်း'' ကောင်းရေးကိုသာ ဦးတည်လုပ်ဆောင်ကြသူ ဖြစ်ပါတယ်တဲ့။

ဟုတ်ပါတယ်။ သဗ္ဗညုတဥာဏ်တော်ကြီးကို ရရှိတဲ့အခါ ဝမ်းမြောက်ဝမ်းသာ ကျူးရင့်တဲ့ဥဒါန်းဂါထာမှာလည်း ''ဂဟကာရက ဒိဋ္ဌောသိ = ငါဟာ ဒုက္ခရဲ့ အကြောင်းတရားကို ကောင်းကောင်းကြီး သိခဲ့ပြီ''လို့ ကြွေးကြော်တော်မူခဲ့ပါတယ်။ ပုဂံခေတ်မှာလည်း ဒီအကြောင်း ကောင်းကောင်းသိကြပုံရပါတယ်။ သိင်္ဃသူ့သမီးကျောက်စာမှာ ''ငါသည် အကြောင်းကို သိသူ ဖြစ်ရလို၏''လို့ ဆုတောင်းထားတာ တွေ့ရပါတယ်။

အာဇာနည်စိတ်ဓာတ် မျိုးစေ့လေးကနေ အာဇာနည်တို့ရဲ့ လုပ်ငန်းဖြစ်တဲ့ ပါရမီ(၁ဝ)ပါး ပြည့်စုံပြီးမြောက်အောင် မွေးဖွားစောင့်ရှောက်ပေးတဲ့ တရားအဖြစ်နဲ့တော့ - သူတစ်ပါးတို့ ကျူးကျူးလွန်လွန် တာဝန်ပြစ်ဖို့သမျှကို ရန်ငြိုးမျက်မာန် တုံ့ပြန်မရှိဘဲ သည်းခံတဲ့''ခန္တီ''တရားဆိုတဲ့ မိခင်နဲ့၊ ချီးမြှောက် ရှုတ်ချ နှစ်ဌာနလုံးကို အတူအမျှထား လျစ်လျူရှုတတ်ပြီး ''မိတ်နဲ့ရန်သူ မခွဲမခြားတစ်သားတည်း ထားနိုင်တဲ့ ''ဥပေက္ခာ''တရားဆိုတဲ့ ဖခင်တို့က မွေးဖွား စောင့်ရှောက်ပေးကြတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ လယ်တီဆရာတော်ဘုရားကြီးကတော့ ချောက်ထဲကျပြီး သေဘေးကြုံနေရတဲ့ မုဆိုးပုဏ္ဏားကို ချောက်ထဲ ကနေ ခဲခဲယဉ်းယဉ်းကယ်တင်ခဲ့တဲ့ ဘုရားအလောင်း မျောက်မင်းဇာတ်ကို သာဓကအဖြစ်နဲ့ ထုတ်ပြပါတယ်။
ဒီနေ့ အဓိကပြောလိုတဲ့အချက်နဲ့ ကိုက်ညီစေဖို့အတွက် တခြား မျောက်မင်းဇာတ်တစ်ခုဖြစ်တဲ့ ဇာတ်တူ မျောက် အမျိုးအနွယ် ရှစ်သောင်းတို့ကို အသက်ဘေးမှ ကယ်တင်ခဲ့တဲ့ ဇာတက(၄ဝ၇) မဟာကပိဇာတ်ကြောင်းကို နည်းနည်း ပြောချင်ပါတယ်။

ဇာတ်ကြောင်းကတော့ အားလုံးကြားဖူးသူများပါတယ်၊ ဘုရားအလောင်းမျောက်မင်းဘဝက ဂင်္ဂါမြစ်ကမ်းနားမှာ မျောက်အပေါင်းရှစ်သောင်းနဲ့အတူ နေကြတယ်။ ဂင်္ဂါမြစ်တစ်ဘက်ကမ်းမှာ အလွန်ထူးခြားတဲ့ သရက်ပင်ကြီးတစ်ပင်ရှိတယ်၊ အသီးမှည့်ချိန်မှာ မျောက်အားလုံးဟာ သရက်သီးတွေစားကြတယ်။
သရက်ပင်ရဲ့ မြစ်ဘက် အသီးကြွေကျတတ်တဲ့အကိုင်းက အသီးမျှန်သမျှကို သီးခါစအရွယ်ကစပြီး မျောက် အပေါင်းကို ချွေချဖျက်ဆီးပစ်ဖို့ ခိုင်းခဲ့ပေမယ့် ကျန်နေတဲ့အသီးမှည့်တစ်လုံးက မြစ်ရေနဲ့အတူ မျောပါရာက ရေချိုးဆင်းတဲ့ ရှင်ဘုရင်နဲ့တွေ့ပြီး ချိုမြိန်တဲ့အရသာကို နှစ်သက်စွဲလန်းသွားလို့ သရက်ပင်ရှိရာကို အရောက်လာကြတယ်။

နေ့ခင်းမှာ သရက်သီးမှည့်ကို စားပြီးတော့လည်း မပြန်ကြသေးဘဲ နောက်ပါ စပ်တပ်နဲ့အတူ သရက်ပင်အောက်မှာပဲ ညအိပ်စောင့်နေကြတာ။ ညသန်းခေါင်မှာမျောက်တွေကလည်း ရောက်လာပြီး သရက်သီးမှည့်တွေ စားကြတာပေါ့။ အသံတွေ ဆူညံတော့ ဘုရင်နဲ့နောက်ပါ ရဲမက်တွေက မျောက်တွေမှန်းသိတဲ့အခါ ''မနက်ဖြန်တော့ သရက်သီးမှည့်ရော မျောက်သားဟင်းပါ စားကြမယ် .. ဝိုင်းထားကြ''ဆိုပြီး လေးမြားတွေနဲ့ ဝိုင်းထားကြတယ်။

မိုးလင်းခါနီးမျောက်တွေ ပြန်ချိန်တန်လို့ အပင်အောက်ကြည့်လိုက်တဲ့အခါ လေးမြားကိုင်ရဲမက်တွေ ဝိုင်းရံထားတာ မြင်ကြတော့ မျောက်တွေ မပြန်နိုင်ဘဲ ဘုရားလောင်းမျောက်မင်းကို အကြံတောင်းကြတယ်။ ဘုရားလောင်းက ''ဘာမှ အားမငယ်ကြနဲ့ သင်တို့အားလုံး အသက်ကို ငါကယ်တင်မယ်''ဆိုပြီး အမြင့်ဆုံးအကိုင်းအထိ တက်လိုက်တယ်၊ မြစ်ကမ်းဘက် အစွန်းဆုံးကိုင်းအထိ သွားပြီးတော့မှ လေးအပြန်တစ်ရာခန့်ရှိတဲ့ တစ်ဘက်ကမ်းခြုံကြီးပေါ် ခုန်ကူးလိုက်တယ်။ ဘုရားလောင်း မျောက်မင်းက ခွန်အားကြီးမားတဲ့အတွက် တစ်ဘက်ကမ်းကို ရောက်အောင် ခုန်ကူးနိုင်ပေမယ့် ကျန်တဲ့မျောက်တွေကတော့ မကူးနိုင်ပါဘူးတဲ့။

အလောင်းတော်မျောက်မင်း သရက်ပင်ကိုင်းဖျားကနေ တစ်ဘက်ကမ်းကခြုံကြီးပေါ်ကို ခုန်ကူးလိုက်တယ်။ ပြီးတော့ လေထဲမှာ ခုန်ကူးခဲ့တဲ့အကွာအဝေးကိုလည်း ခန့်မှန်းတွက်ချက်ခဲ့တယ်။ တစ်ဘက်ကမ်းရောက်တော့ သစ်ပင်မှာ ချည်တုပ် ဖို့နဲ့ သရက်ပင်ကိုင်းဖျားအထိ အကွာအဝေးကို တွက်ပြီး ကြိမ်နွယ်တစ်ခုကို ဖြတ်လိုက်ပြီး အရင်းနဲ့သစ်ပင်မှာ အခိုင်အမာ ချည်လိုက်တယ်၊ ပြီးတော့ အဖျားနဲ့ ခါးကို ချည်ပြီး တစ်ဘက်ကမ်းကို ခုန်ကူးလိုက်တယ်။ ကြိမ်နွယ်ကို ဖြတ်စဉ်က ခါးမှာ ချည်ဖို့ကို နွယ်ကြိုးတစ်ကိုက်စာကို ထည့်မတွက်မိတဲ့အတွက် သရက်ပင်အကိုင်းပေါ်ထိ မရောက်လိုက်ဘူး၊ ကိုင်ဖျားကို ဆွဲမိတော့ နွယ်ကြိုးကဆုံးပြီ။

ဒါပေမယ့် အလောင်းတော်ဟာ ဆုံးဖြတ်ချက်ချထားပြီးတဲ့အတိုင်း ကိုယ်နဲ့အသက်ကို မငဲ့ကွက်တဲ့ နိက္ခမစွမ်းအား ကြောင့် အချိန်ဆွဲပြီး စဉ်းစားမနေဘူး၊ မျောက်အပေါင်းကို သူ့ကိုယ်ပေါ်က ကျော်လွှားပြီး အမြန်ကူးကြဖို့ တိုက်တွန်းလိုက် တယ်။ မျောက်အားလုံး လိုလိုကပဲ တောင်းပန်ကန်တော့ပြီး မျောက်မင်းကိုယ်ပေါ်က ကျော်လွှားကြပြီး နွယ်ကြိုးအတိုင်း တစ်ဘက်ကမ်း ကူးသွားကြတယ်။
နောက်ဆုံးကျန်နေတဲ့ ဒေဝဒတ်လောင်း မျောက်ကတော့ ''ငါ့ရန်သူကို လှလှကြီး ကလဲ့စားချေရတော့မယ်''ဆိုတဲ့ အကြံဆိုးနဲ့ အမြင့်ဆုံးကိုင်းအထိတက်ပြီးတော့မှ အလောင်းတော်မျောက်မင်းရဲ့ ကိုယ်ပေါ်တည့်တည့် ခုန်ချလိုက်တော့ အလောင်းတော်ရဲ့ နှလုံးသား ကွဲအက်သွားပါတော့သတဲ့။

ဒါပေမယ့် အလောင်းတော်ရဲ့ ''သူတစ်ပါးပြုမှား ပြစ်မှားမှုစတဲ့ ပြင်ပဒုက္ခနဲ့ ကိုယ်တွင်းဒုက္ခတို့ကြောင့် စိတ်ညစ် ညူးခြင်း၊ နှလုံးမသာ မျက်နှာမသာဖြစ်ခြင်းမရှိ သည်းခံနိုင်တဲ့ ခန္တီစွမ်းအား''နဲ့ ပူဇော်ချီးမွမ်းသူ ပြစ်မှားနှိပ်စက်ကဲ့ရဲ့သူတို့ကို သာယာမုန်းတီးမှုမရှိ လျစ်လျူရှုတဲ့ ဥပေက္ခာစွမ်းအားကြောင့် နာကျင်မှုကို ဂရုမပြုဘဲ ပြစ်မှားတဲ့မျောက် တစ်ဘက်ကမ်းရောက် အောင်ပဲ သစ်ကိုင်းလက်မလွတ်ဘဲ ဇွဲတင်းပြီး ကယ်ဆယ်ခဲ့ပါသတဲ့။

ဒီနေရာမှာ တကယ်လို့သာ ကိုယ်နဲ့အသက် မငဲ့ကွက်ဘဲ စွန့်လွှတ်နိုင်တဲ့ နိက္ခမ္မတရားနဲ့ ခန္တီဥပေက္ခာတရားတို့သာ မရှိခဲ့ရင် နောက်ဆုံးရန်သူမျောက် ခုန်ချတဲ့ဒဏ်ကြောင့် နာကျင်ချိန်မှာ သစ်ကိုင်းကို ဆွဲမထားဘဲ လွှတ်ချလိုက်နိုင်ပါတယ်။
ဒီလိုသာ လွှတ်ချလိုက်ရင် ကိုယ်တိုင်က နှလုံးကွဲသွားပြီဖြစ်လို့ သေရမှာမထူးပေမယ့် ခုန်ချတဲ့ မျောက်လည်း တစ်ဘက်ကမ်းမရောက်ဘဲ နှစ်ကောင်ပေါင်း သေပွဲဝင်ရမှာပါ။ ဒီလိုဖြစ်သွားခဲ့ရင် ပြစ်မှားတဲ့ ဒေဝဒတ်အလောင်း မျောက် သာမက ဘုရားအလောင်းရဲ့ ပါရမီတွေဟာလည်း သေပွဲဝင်သွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် အာဇာနည်တို့ရဲ့ လုပ်ငန်း (၁ဝ)မျိုးမှာ ''သစ္စာ''တရားဟာ ပါရမီအားလုံးရဲ့ အသက်ပါ။ အရိယ သစ္စာကိုရရှိရေးလုပ်ငန်း ပါရမီ (၁ဝ)မျိုးမှာ ''ဝစီကံသစ္စာ''ဟာ အဓိက အသက်သွေးကြောပါပဲ။ ဒါကြောင့်လည်း အလောင်း တော်ဘဝမှာ လောကတ္ထစရိယ,ဥာတတ္ထစရိယအတွက် အခြာအကုသိုလ်များကို မလွှဲမရှောင်သာ ကျူးလွန်ရတာရှိကောင်း ရှိတတ်ပေမယ့် (တိရစ္ဆာန်ဆိုတဲ့ အပါယ်ဘုံဖြစ်ရတာတွေကို ကြည့်ရင် ပါရမီလုပ်ငန်းမှာ အကုသိုလ်မကင်းခဲ့ဘူးဆိုတာလည်း ထင်ရှားပါတယ်) မုသာဝါဒဒုစရိုက်ကိုတော့ နိယတဗျာဒိတ်ရချိန်ကစပြီး လုံးဝလွန်ကျူးခြင်း မရှိခဲ့ပါဘူးတဲ့။

အခုကိစ္စမှာလည်း ဒေဝဒတ်လောင်းက ကိုယ်ပေါ်ခုန်ချတာကို အကြောင်းပြုပြီး ''ငါလည်း သေသူဖြစ်နေပြီ၊ မထူးတော့ဘူး၊ ဒင်းပါ သေအောင် သစ်ကိုင်းကို လွှတ်လိုက်မယ်''ဆိုပြီး ဆုံးဖြတ်မှားခဲ့ရင် ''သင်တို့အားလုံးကို ငါကယ်မယ်'' ဆိုတဲ့ ဝစီကံသစ္စာ ကျိုးပျက်သွားမှာပါ။
''မုသာဝါဒဿ ဇန္တုနော၊ နတ္ထိ ပါပံ အကာရိယံ = မုသားပြောသူမှာ မပြုတဲ့ အကုသိုလ်မရှိတော့'' (ဓမ္မပဒ-၃၉) ဆိုတဲ့ အတိုင်း ပါရမီအားလုံး ပျက်ဆီးသေဆုံးရတော့မှာပါ။
ဒါကြောင့် ''အသက်သာ အသေခံမယ်၊ ပါရမီ မသေစေရ''ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သစ်ကိုင်းကို မလွှတ်ဘဲ မြဲအောင် ကြိုးစားဆွဲကိုင်ထားလို့ ပြစ်မှားတဲ့မျောက်လည်း တစ်ဘက်ကမ်းအထိ အန္တရာယ်မရှိ ရောက်သွားခဲ့ပါတယ်။

ဒီဇာတ်မှာ ရှင်ဘုရင်က အရှင်အာနန္ဒာအလောင်းဖြစ်တဲ့အတိုင်း မျောက်မင်းရဲ့ လုပ်ဆောင်ချက်တွေကို အစအဆုံး မြင်ရတော့ ကြည်ညိုစိတ်ဖြစ်လာတာနဲ့ မင်းချင်းများကို သစ်ကိုင်းအထိ တက်ဖြုတ်စေပြီး မျောက်မင်းကို ပြုစုပေးပါသတဲ့။ ဒါပေမယ့် နှလုံးသားကွဲသွားပြီဖြစ်တဲ့ မျောက်မင်းက ရှင်ဘုရင်ကို ဆုံးမစကားပြောကြားအပြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ရှင်ဘုရင်က မျောက်မင်းကို မင်းခန်းမင်းနားလို သင်္ဂြိုဟ်စေပြီး မီးသင်္ဂြိုဟ်တဲ့နေရာမှာလည်း စေတီတစ်ခု တည်ထား ပူဇော်ပါတယ်၊ ဦးခေါင်းရိုးကြွင်းကိုလည်း နန်းတော်အထိ သယ်ယူပြီး ဓာတုပူဇော်ပွဲ ကျင်းပပူဇော်ခြင်းနဲ့ စေတီတည်ထား ပူဇော်ခြင်းပြုပါသတဲ့။

ဒီနေရာမှာ ဒီနေ့ပြောချင်တဲ့အချက်ဆိုတာကတော့ - လောကတ္ထစရိယအားစိုက်လွန်းတဲ့ အာဇာနည်များဟာ နိက္ခမတရား အားသန်ကြတဲ့အတွက် ကိုယ်ကျိုးကိုယ်တွက်ကို လုံးဝထည့်မတွက်မိတဲ့အခါ လောကမှာလည်း နစ်နာရတဲ့ ကိစ္စပါ။
အလောင်းတော်မျောက်မင်းဟာ သူ့အတွက်ခါးချည်စရာ နွယ်တစ်ကိုက်စာလောက်ကို ထည့်မတွက်မိတဲ့အတွက် သစ်ကိုင်းပေါ်ထိ မရောက်နိုင်ဘဲ ကိုင်းဖျားကို လက်နဲ့ဆွဲကိုင်ထားပြီး အမျိုးအနွယ်တို့ကို အသက်ဘေးလွတ်ရေး အားထုတ်ခဲ့တဲ့ အတွက် သူ့အသက်စွန့်ရတာဟာ သူ့အတွက်မဆန်းပေမယ့် ကျန်ရစ်တဲ့ မျောက်အမျိုးအနွယ်တို့မှာ နောက်တက်ပြီး ဗိုလ်လုပ်မယ့် ဒေဝဒတ်လောင်းမျောက်ရဲ့ ဒဏ်ကို ခံရတော့မှာပါ။ သေရေးရှင်ရေးကြုံရင်လည်း အားကိုးရာမဲ့သွားကြပါပြီ။

ဒါကြောင့် ကိုယ့်အတွက် စည်းစိမ်ရော အသက်ခန္ဓာပါ မငဲ့မကွက်တဲ့ နိက္ခမ္မတရားရှင်များဟာ မှီခိုအားထားသူများရဲ့ အကျိုးကို ရေရှည်သယ်ပိုးနိုင်ရေးအတွက် ''နွယ်ကြိုးတစ်ကိုက်စာ''ကိုလည်း အလေးထားသင့်ပါတယ်ဆိုတဲ့အကြောင်းပါ။
ခု ဗိုလ်ချုပ်အောင်ဆန်းစတဲ့ အာဇာနည်ပုဂ္ဂိုလ်များဟာလည်း ''ကိုယ့်အတွက် နွယ်ကြိုးတစ်ကိုက်''ကို အလေး မထားကြတဲ့အတွက် ဒီအဖြစ်မျိုး ကြုံကြရတာပါ။

သူတို့က နိက္ခမ္မတရားရှင်တွေ၊ ခန္တီ ဥပေက္ခာအားကြီးသူတွေမို့ ''သေတာဟာ အဆန်းမဟုတ်''ဆိုပေမယ့် ကျန်ရစ်တဲ့ ပြည်သူတွေမှာက သူတို့ရယူပေးခဲ့တဲ့ အရာဟာ ''လွတ်လပ်ရေးလား၊ ကျိန်စာလား''မခွဲခြားနိုင်လောက်အောင် ဆင်းရဲဒုက္ခ များခဲ့ရတာဟာ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့ထိလောက်ပါပဲ။
ဒါကြောင့် ပြည်သူ့အကျိုးအပြည့်အဝသယ်ပိုးနိုင်ရေး အတွက် နောင်လာနောက်သား အာဇာနည်တိုင်း''နွယ်ကြိုးတစ်ကိုက်''ကို ပေါ့ပေါ့တန်တန် သဘောမထားလိုက်ကြပါနဲ့၊ အလေးအနက်ထား ဂရုပြုကြ ပါလို့ ၊
ဒါဟာ ကိုယ်ကျိုးအတွက် မဟုတ်ပါဘူး၊ ပြည်သူ့အကျိုးအတွက် လိုအပ်ချက်အစစ်ပါလို့ သတိပေးတိုက်တွန်းချင်ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(ဇူလိုင် ၁၉ ရက်၊ ၂ဝ၁၈)း

May be an image of 1 person and smiling
May be an image of 3 people
No photo description available.